smiling woman with skyline in the background
Collapse All
Expand All

Sarcoma တို့သည် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကြားခံတွယ်ဆက်တစ်သျှူးအလွှာတွေကနေ ဖြစ်လာသော ကင်ဆာများဖြစ်ပါသည်။ ဒီကြားခံတွယ်ဆက်တစ်သျှူးအလွှာကနေ တွယ်ဆက်တစ်သျှူးတွေ၊ အဆီဆဲလ်များ၊ ကြွက်သားများ၊ သွေးကြောများနဲ့ အရိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် Sarcoma များကို အရေပြား၊ တွယ်ဆက်တစ်သျှူး၊ အရိုး၊ သွေးကြောနဲ့ ကိုယ်အတွင်းထဲကအင်္ဂါတွေ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတော်တော်များများမှာ ဖြစ်နိုင်တာကို တွေ့ရပါတယ်။

တစ်ခြားသော ကင်ဆာတွေထက်စာရင် ဖြစ်တာနည်းပေမယ့် ဖြစ်ရင် ဆိုးတဲ့အထဲမှာ ပါဝင်ပါတယ်။ မတူကွဲပြားတဲ့ အမျိုးအစားပေါင်း (၇၀ ) ကျော် ရှိတဲ့ ရှုပ်ထွေးတဲ့ ရောဂါအုပ်စုလည်း ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အရိုးကနေ ဖြစ်လာတဲ့ အုပ်စုနဲ့ ပျော့တဲ့တစ်သျှူးကနေ ဖြစ်လာတဲ့အုပ်စုဆိုပြီး ခွဲခြားနိုင်ပါတယ်။ ပိုပြီးတိတိကျကျခွဲခြမ်းမယ်ဆိုရင်တော့ Sarcoma အုပ်စုကြီး (၄)ခု ရှိပြီး ကွဲပြားတဲ့ကုသမှုတွေနဲ့ ကုသရပါတယ်။ 

illustration showing 3 phases of sarcoma cancer developing in blood vessel
pills and medication for sarcoma treatment

အရိုး Sarcoma 

အရိုး Sarcoma ကတော့ အရိုးကနေစတင်ဖြစ်လာတဲ့ ကင်ဆာပဲ ဖြစ်ပါတယ်။ အဖြစ်အများဆုံးတွေ့ရတတ်တာကတော့ အရိုးကင်ဆာ (Osetosarcoma), အရိုးနုကင်ဆာ (Chondrosarcoma) နဲ့ သန္ဓေသားအရိုးနုကင်ဆာ (Chordoma)တွေပဲ ဖြစ်ပါတယ်။ အရိုးကင်ဆာကတော့ ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပြီး ကျန်တဲ့ကင်ဆာနှစ်ခုကတော့ အရွယ်ရောက်ပြီးလူတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။

တစ်သျှူးပျော့ Sarcoma (STS)

တစ်သျှူးပျော့ Sarcoma အမျိုးပေါင်း ( ၅၀ ) ကျော်ရှိပါတယ်။ တွေ့ရများတာကတော့ အဆီဆဲလ်ကင်ဆာ၊ ကြွက်သားကင်ဆာ၊ အမျိုးအစားခွဲခြားမရတဲ့ Sarcoma နဲ့ သွေးကြောကင်ဆာတွေပဲ ဖြစ်ပါတယ်။ 

STS အနေနဲ့ ခန္ဓာကိုယ်အနှံ့မှာ တွေ့ရတတ်ပါတယ်။ ဦးခေါင်းနှင့်လည်ပင်းပိုင်း၊ ခြေလက်၊ ခန္ဓာကိုယ်နဲ့ တင်ပဆုံပိုင်းတွေမှာ တွေ့ရတတ်ပါတယ်။ အပေါ်ယံအရေပြားမှာတင် ဖြစ်တတ်သလို ဟိုးကိုယ်ခန္ဓာအတွင်းပိုင်းအင်္ဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ နှလုံး၊ သွေးကြောနဲ့ ဦးရေပြားကနေ ဖြစ်လာတဲ့ Sarcomas တွေကို ပိုတွေ့ရတတ်ပါတယ်။ 

အစာအိမ်အူလမ်းကြောင်း ထောက်ပံ့တစ်သျှူးကင်ဆာ (GIST)

GIST တွေကို များသောအားဖြင့် အစာအိမ်မှာတွေ့ရတတ်ပြီး အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာလည်း (အူသိမ်နဲ့ အစာဟောင်းအိမ်) တွေ့ရတတ်ပါတယ်။ ဒီလိုအမျိုးအစား Sarcomas တွေမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ရှိနေတတ်ပါတယ် (အထူးသဖြင့် KIT (သို့) PDGFRA)။ ဒီလိုမျိုးရိုးဗီဇပြောင်းလဲမှုတွေက ဆဲလ်များကြီးထွားမှုကို မထိန်းနိုင်တော့ဘဲ ကင်ဆာအကျိတ်အဖြစ်ရောက်ရှိစေပါတယ်။ 

Ewing’s Sarcoma (EWS) နှင့် Rhabdomyosarcoma (RMS)

Ewing’s Sarcoma နဲ့ Rhadomyosarcoma တို့က ဖြစ်ရင် ပိုမိုဆိုးတဲ့အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ တစ်သျှူးပျော့၊ အရိုးနဲ့ တစ်ခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးခေါင်း၊ လည်ပင်း၊ ကျောရိုး၊ ခြေလက်နဲ့ ရင်ဘတ်စတဲ့နေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအမျိုးအစားSarcomaကတော့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။ 

Sarcoma အမျိုးအစားပေါ်မူတည်ပြီး ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကွာခြားပါတယ်။ ဥပမာ - GIST ဆိုရင် KIT (သို့) PDGFRA မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တာဖြစ်ပါတယ်။ Ewing’s sarcoma နဲ့ rhadomyosarcoma တို့ကတော့ မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဘာလို့ဒီလို မျိုးရိုးဗီဇတွေ ပြောင်းလဲရသလည်းဆိုတာကတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ Sarcoma ဖြစ်နိုင်ခြေများစေတဲ့အချက်တစ်ချို့ကို သိထားပြီး အဲ့ဒါတွေကတော့

  • မိသားစုမျိုးရိုးထဲမှာ Sarcoma ဖြစ်ဖူးခြင်း
  • မျိုးရိုးလိုက်တတ်တဲ့ရောဂါများဖြစ်တဲ့ Neurofibromatosis, Gardner Syndrome, retinoblastoma or Li-Fraumeni Syndorome
  • ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း
  • ပြန်ရည်ကြောစနစ်ထိခိုက်ပျက်စီးခြင်း

တစ်သျှူးပျော့Sarcoma ဖြစ်တဲ့သူတွေမှာ ရောဂါမရင့်မခြင်း လက္ခဏာမပြဘဲ ဖြစ်နေတတ်ပါတယ်။ Sarcoma အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေကလည်း ကွဲပြားပါတယ်။

အကျိတ် - သေးသေးလေးအရင်ပေါ်တတ်ပါတယ်။ နာကျင်မှုမရှိဘဲ တဖြည်းဖြည်းနဲ့ ကြီးလာတတ်ပါတယ်။ (ဖရဲသီးအသေးအရွယ်အထိ ကြီးနိုင်ပါတယ်)

နာကျင်မှု - အရိုးSarcoma တွေကတော့ နာကျင်မှု ဖြစ်စေပါတယ်။ လူနာက ငယ်ရွယ်တက်ကြွတဲ့အရွယ်ဖြစ်တဲ့အတွက် လှုပ်ရှားကစားမှု၊ အားကစားလုပ်တာတွေကြောင့် ထိခိုက်မိလို့ နာတယ်ထင်ပြီး အသိနောက်ကျတတ်ပါတယ်။ နားနေတဲ့အချိန် ညဖက်အိပ်တဲ့အချိန်တွေမှာ နာတယ်ဆိုရင် သတိထားသင့်တဲ့လက္ခဏာပဲ ဖြစ်ပါတယ်။

အူလမ်းကြောင်း လက္ခဏာများ - GIST လူနာတွေနဲ့ ကိုယ်တွင်းကလီစာဝန်းကျင်မှာ ဖြစ်တတ်တဲ့ အဆီဆဲလ်ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ လက္ခဏာအနေနဲ့ ဝမ်းဗိုက်တင်းတာ၊ လေပွတာ၊ ဗိုက်နာတာ၊ သွေးအန်တာ (သို့) သွေးဝမ်းသွားတာတွေ ခံစားရနိုင်ပါတယ်။

သက်ဆိုင်ရာကိုယ်အင်္ဂါလက္ခဏာများ - Sarcoma က ခန္ဓာကိုယ်အနှံ့ဖြစ်နိုင်တာကြောင့် သူတို့ကြီးထွားလာရင် အနီးနားမှာ ရှိတဲ့ အင်္ဂါတွေကို ဖိပါတယ်။ ရင်ဘတ်ထဲမှာ ဖြစ်တဲ့ Sarcoma ဆိုရင် ချောင်းဆိုးတာ၊ အသက်ရှုရခက်တာတွေ ခံစားရနိုင်ပြီး ခေါင်းပိုင်းမှာ ဖြစ်တယ်ဆိုရင် အမြင်အာရုံပြဿနာ ခံစားရနိုင်ပါတယ်။

ဆရာဝန်မှ Sarcoma ဖြစ်နိုင်တယ်လို့ သံသယရှိရင် လူနာကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါတယ်။ 

  • အသားစယူစစ်ဆေးခြင်း လို့ခေါ်သော အကျိတ်မှ ဆဲလ်နမူနာယူခြင်း
  • ပုံရိပ်ဖော်စစ်ဆေးခြင်း (CT, MRI, PET scan စတာတွေက ကင်ဆာအကျိတ်ကို မြင်နိုင်သလို ကင်ဆာပြန့်နှံ့မှုကိုလည်း သိရှိနိုင်ပါတယ်။)
  • Bone Scan - အရိုးကင်ဆာလူနာတွေအတွက် လိုအပ်နိုင်တဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း စတဲ့ ကုသနည်းများ ပေါင်းစပ်ကုသခြင်းဖြင့် Sarcoma ရောဂါကို ကောင်းမွန်တဲ့ကုသမှုရလဒ်ရစေပါတယ်။ တိကျတဲ့ကုသမှုကိုတော့ 

၁) Sarcoma အမျိုးအစား 
၂) Sarcoma အဆင့် 
၃) Sarcoma ဖြစ်တဲ့တည်နေရာ စတာတွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရပါတယ်။ 

အရိုး Sarcoma

  • အရိုးကင်ဆာမှာတော့ ကင်ဆာဆေးသွင်းကုသခြင်း (၁၀-၁၂ ပတ်) ပြုလုပ်ပြီးရင် ခွဲစိတ်ကုသမှု ပြုလုပ်ရတတ်ပါတယ်။ ခွဲစိတ်ပြီးရင်လည်း ကင်ဆာဆေးသွင်းကုသမှု လိုအပ်ပါသေးတယ်။
  • အရိုးနုကင်ဆာနှင့် သန္ဓေသားအရိုးနုကင်ဆာမှာတော့ ခွဲစိတ်ကုသခြင်းကတော့ အဓိက ကုသမှုနည်းလမ်းပဲ ဖြစ်ပါတယ်။

တစ်သျှူးပျော့ Sarcoma

  • တစ်နေရာထဲမှာပဲ ဖြစ်နေသေးတဲ့ရောဂါအတွက် ကင်ဆာအကျိတ်ကို ပြောင်စင်အောင် ခွဲစိတ်ထုတ်တာက ကုသမှုနည်းလမ်းပဲ ဖြစ်ပါတယ်။ ကင်ဆာအကျိတ်ကြီးပြီး အတွင်းပိုင်းရောက်တဲ့ကင်ဆာနဲ့ အဆင့်မြင့်တဲ့ကင်ဆာတွေမှာ မခွဲစိတ်မီ (သို့) ခွဲစိတ်အပြီးမှာ ဓာတ်ရောင်ခြည်ကုသမှုကို စဉ်းစားပါတယ်။

GIST

  • တစ်နေရာထဲမှာပဲ ဖြစ်နေသေးတယ်ဆိုရင် ခွဲစိတ်ကုသပါတယ်။ Imatinib လို့ ခေါ်တဲ့ဆေးကို အသုံးပြုပြီး လူနာတွေကို ကုသပါတယ်။
  • ခွဲစိတ်ဖို့ မဖြစ်နိုင်တဲ့လူနာတွေမှာတော့ Imatinib အရင်ပေးပြီးတော့မှာ ကင်ဆာအကျိတ်ကျုံ့သွားတဲ့အခါမှာ ခွဲစိတ်ကုသပါတယ်။ 
  • တစ်ခြားနေရာကို ပျံ့နေတဲ့အခါမှာတော့ Imatinib, Sunitinib နဲ့ regorafenib စတဲ့ဆေးတွေကို သုံးပြီးတော့ လူနာတွေကိုကုသပြီး ၅နှစ်အထက်အသက်ရှင်နိုင်နှုန်းကို တိုးတက်စေပါတယ်။ 

Ewing’s Sarcoma and rhabdomyosarcoma 

  • Ewing’s Sarcoma နဲ့ Rhabdomyosarcoma တွေကို ကင်ဆာဆေးသွင်းကုသခြင်းကို တုံ့ပြန်မှုရှိတဲ့အတွက် မခွဲစိတ်ခင်၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုမလုပ်ခင်မှာ ကင်ဆာဆေးသွင်းကုသမှုအရင်လုပ်လေ့ရှိပြီး ၎င်းကုသမှုတွေအပြီးမှာလည်း ကင်ဆာဆေးသွင်းကုသခြင်းကို ပြုလုပ်ရပါတယ်။ 
canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပတ်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။