woman in white touching her neck with eyes closed while holding glass of water
Collapse All
Expand All

ခေါင်းပိုင်းနဲ့လည်ပင်းပိုင်းကင်ဆာဆိုတာကတော့ လည်ပင်းတဝိုက်၊ အသံအိုး၊ နှာခေါင်း၊ လေအိတ်များ (သို့) ပါးစပ်မှာ ဖြစ်တတ်တဲ့ကင်ဆာအုပ်စုပဲ ဖြစ်ပါတယ်။ ဒီလိုအစိတ်အပိုင်းတွေရဲ့ မျက်နှာပြင်မှာရှိတဲ့ဆဲလ်များကနေ ကင်ဆာဖြစ်လာတာပါ။ ဆရာဝန်တွေကတော့ Squamous ဆဲလ်များလို့ ခေါ်ပါတယ်။

ဦးခေါင်းနှင့် လည်ပင်းပိုင်းကင်ဆာတွေမှာ အဓိကအုပ်စု (၅)ခု ရှိပါတယ်။ ဦးခေါင်းနှင့် လည်ပင်းပိုင်းမှာ ဖြစ်တဲ့နေရာတွေပေါ်မူတည်ပြီး နာမည်တွေ ပေးတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေလည်း ကွာခြားပါတယ်။

rear view of man in grey shirt touching his neck under the sun

ခံတွင်း

ဒီလိုကင်ဆာအမျိုးအစားကတော့ နှုတ်ခမ်းနဲ့ ခံတွင်းအတွင်းမှာ ဖြစ်တတ်ပါတယ်။

  • သွားဖုံး
  • ပါးစောင်
  • လျှာအောက်
  • အာခေါင်မာ
  • လျှာရှေ့ပိုင်း

ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့

  • သွားဖုံး၊ လျှာ (သို့) ခံတွင်းအတွင်းမှာ အနီကွက် (သို့) အဖြူကွက်များ ပေါ်ခြင်း
  • မေးရိုးမှာ အကျိတ်ပေါ်ခြင်း၊ သွားတု(သို့) အံကပ်တပ်မရအောင် အကျိတ်ပေါ်လာခြင်း
  • ခံတွင်းအတွင်း သွေးယိုခြင်း (သို့) နာခြင်း

လည်ပင်း

လည်ပင်းပိုင်းဆိုတာကတော့ နှာခေါင်းနောက်ဖက်ကနေ အစာမျိုပြွန်ကြားထဲက ၅လက်မခန့်ရှိတဲ့ ပြွန်နေရာကို ဆိုလိုပါတယ်။ ဒီအပိုင်းမှာ အာသီး၊ လျှာနောက်ပိုင်းနဲ့ အာခေါင်ပျော့တို့ပါဝင်ပါတယ်။ အာခေါင်ရဲ့ နောက်ဖက်ပျော့တဲ့အပိုင်း ဖြစ်ပါတယ်။

ကင်ဆာရောဂါလက္ခဏာများကတော့

  • အသက်ရှုရခက်ခြင်း (သို့) စကားပြောရခက်ခြင်း
  • အစာမျိုတဲ့အခါ နာခြင်း
  • လည်ပင်းနာတာ အချိန်အတန်ကြာ မပျောက်ခြင်း
  • နားကိုက်ခြင်း၊ နားနာခြင်း၊ နားအူခြင်း
  • အကြားအာရုံပြဿနာဖြစ်ခြင်း

အသံအိုး

အသံအိုးမှာ အသံကြိုးနဲ့ အသံအိုးဖုံး ပါဝင်ပါတယ်။ လည်ပင်းအနောက်ဖက်မှာ ရှိတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အစားစားတဲ့အခါ ရေသောက်တဲ့အခါ လေပြွန်ထဲကို မဝင်အောင် အသံအိုးကို ဖုံးထားပေးပါတယ်။

ကင်ဆာဖြစ်ခဲ့ရင် ရောဂါလက္ခဏာများကတော့

  • အစာမျိုတဲ့အခါ နာခြင်း
  • နားနာခြင်း
  • အသံပြောင်းသွားခြင်း

နှာခေါင်းတွင်းနှင့် အနီးရှိလေအိတ်များ

နှာခေါင်းတွင်းကတော့ နှာခေါင်းအထဲမှာရှိပါတယ်။ အနီးရှိလေအိတ်များကတော့ ဦးခေါင်းနဲ့ နှာခေါင်းတဝိုက်ရှိ အရိုးများထဲမှာ သေးငယ်တဲ့နေရာလေးတွေရှိပါတယ်။

အောက်ပါ ကင်ဆာရောဂါလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နှင့် ပြသပါ။ သတိထားရမယ့်လက္ခဏာများကတော့

  • ပိုးသတ်ဆေးများသောက်သော်လည်း ထိပ်ခပ်နာ မသက်သာတဲ့အခါ
  • ထိပ်ခပ်နာဖြစ်နေပြီး မသက်သာတဲ့အခါ
  • နှာခေါင်းသွေးယိုခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်စိတဝိုက် ဖောင်းလာခြင်း
  • အပေါ်သွားများ ကိုက်ခြင်း
  • အံကပ် (သို့) သွားတုများ တပ်မရတော့ခြင်း

တံတွေးဂလင်းများ

တံတွေးထုတ်ပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အောက်မေးရိုးအနီး ခံတွင်းအတွင်းမှာ ရှိတတ်ပါတယ်။

တံတွေးဂလင်းကင်ဆာရောဂါလက္ခဏာများကတော့

  • မေးစေ့အောက်တွင် အကျိတ်စမ်းမိခြင်း
  • အောက်မေးရိုးတွင် အကျိတ်ပေါ်လာခြင်း
  • မျက်နှာတဝိုက် ထုံခြင်း၊ မျက်နှာကြွက်သားများ မလှုပ်နိုင်တော့ခြင်း
  • မျက်နှာ၊ မေးစေ့နှင့် လည်ပင်းတဝိုက် ကာလအတန်ကြာ နာခြင်း

ဦးခေါင်းနှင့်လည်ပင်းပိုင်းကင်ဆာ အဓိကဖြစ်စေတဲ့အချက်ကတော့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဆေးရွက်ကြီးကို ဆေးလိပ်အဖြစ်သောက်ရုံသာမက ဝါးခြင်း၊ ရှုခြင်းတို့ကလည်း ဖြစ်စေနိုင်ပါတယ်။ အခြားလူရဲ့ ဆေးလိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံကနေထွက်တဲ့ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်ရတဲ့သူတွေမှာလည်း ဦးခေါင်းနှင့် လည်ပင်းပိုင်းကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

အရက်အလွန်အကျွံသောက်သူတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်လည်းသောက်မယ် အရက်လည်းသောက်မယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေက ပိုများလာပါတယ်။ ကင်ဆာဖြစ်နိုင်ခြေများစေနိုင်တဲ့အချက်များကတော့

  • နေရောင်ခြည် ထိတွေ့မှုများခြင်း
  • Human papilloma virus (HPV)၊ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်မျိုး
  • Mononucleosis ဖြစ်စေတတ်သော Epstein-Barr ဗိုင်းရပ်စ်
  • အမျိုးသားဖြစ်ခြင်း
  • အသက်(၄၀)ကျော်လာခြင်း
  • အာဖရိက-အမေရိကန်လူမျိုးဖြစ်ခြင်း
  • ခံတွင်းနဲ့သွားကျန်းမာရေး ဂရုမစိုက်ခြင်း
  • ကျောက်ဂွမ်းမှုန်များ၊ သစ်သားမှုန်များ၊ သုတ်ဆေးအနံ့နဲ့ အခြားဓာတုအငွေ့များ ရှုခြင်း
  • ဆေးလိပ်ငွေ့ရှုအိုးများ
  • ဗီတာမင် အေ (သို့) ဘီ လုံလောက်အောင် မရခြင်း
  • အစာခြေအက်ဆစ်ပြန်တက်ခြင်း
  • ကိုယ်ခံအားနည်းခြင်း

ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းကင်ဆာ တမျိုးစီမှာ ရောဂါလက္ခဏာ ကွဲပြားကြပါတယ်။ တူညီတဲ့ ရောဂါလက္ခဏာတချို့လည်း ရှိပါတယ်။ ဒါတွေကတော့

  • လည်ပင်းမှာ အကျိတ်စမ်းမိခြင်း
  • ခံတွင်းအတွင်းမှာ အကျိတ်ပေါ်ခြင်း၊ အနာဖြစ်ခြင်း
  • တံတွေး (သို့) သလိပ်မှာ သွေးပါခြင်း
  • အရေပြားကင်ဆာမှာ အရေပြားပြောင်းလဲမှု ဖြစ်ခြင်း

ကျန်းမာရေးစစ်ဆေးတဲ့အခါ ဆရာဝန်မှာ လည်ပင်းမှာ အကျိတ်ရှိမရှိ၊ ပါးစပ်၊ နှာခေါင်းနဲ့ လည်ပင်းတို့ကို ကြည့်ရှုစစ်ဆေးတတ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်ဆေးရွက်ကြီး အသုံးပြုဖူးတယ်၊ အရက်သောက်ဖူးတယ်ဆိုရင် စနစ်တကျ စမ်းသပ်ဖို့ လိုအပ်ပါတယ်။

ဦးခေါင်းနှင့် လည်ပင်းပိုင်းကင်ဆာများရဲ့ လက္ခဏာတွေ ခံစားနေရရင် (သို့) ဆရာဝန်က စမ်းသပ်တဲ့အခါ သံသယဖြစ်ဖွယ် စမ်းသပ်မိတဲ့အခါ ရောဂါသေချာဖို့ အဆင့်သတ်မှတ်ဖို့ စမ်းသပ် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ရပါတယ်။

  • သွေးစစ်ခြင်း
  • မှန်ပြောင်းကြည့်ခြင်း (နှာခေါင်းမှတစ်ဆင့် လည်ပင်းထဲကို ပိုက်ပျော့လေးထည့်ပြီး ဆရာဝန်မှာ ကြည့်ရှုစစ်ဆေးပါတယ်။)
  • အသားစယူခြင်းနှင့် အကျိတ်အတွက် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်း
  • ဓာတ်မှန်ရိုက်ခြင်းနှင့် အဆင့်သတ်မှတ်ဖို့ စစ်ဆေးခြင်း

ဘယ်လိုကုသမှုတွေ လုပ်နိုင်သလဲ?

ဦးခေါင်းနှင့် လည်ပင်းပိုင်းကင်ဆာကုသမှုတွေကို ဆရာဝန်များစနစ်တကျ ပူးပေါင်းပါဝင်ပြီး အကောင်းဆုံးလမ်းညွှန်ကုသရပါတယ်။ ထည့်သွင်းစဉ်းစားရတဲ့အချက်တချို့ကတော့

  • ကင်ဆာဖြစ်တဲ့နေရာ
  • ကင်ဆာအဆင့် (ပြန်ရည်ကျိတ်ကို ရောက်နေပြီလား (သို့) တခြားနေရာတွေကို ပြန့်နေပြီလား)
  • အသက်အရွယ်နဲ့ လူနာရဲ့ လက်ရှိကျန်းမာရေးအခြေအနေ
  • HPV ပိုးရှိနေခြင်း (ကုသမှုရလဒ်ကို ပြောင်းလဲစေနိုင်ပါတယ်)

ကုသမှုတခု (သို့) တခုထက်ပိုတဲ့ ကုသမှုတွေကို ပေါင်းစပ်ကုသရတတ်ပါတယ်။ ကုသမှုနည်းလမ်းများကတော့ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်းနဲ့ ပစ်မှတ်ထားကုထုံးတို့ပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း

အကျိတ်နဲ့ ပြန်ရည်ကျိတ်များကို ခွဲစိတ်ဖယ်ရှားပါတယ်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓာတ်ရောင်ခြည်ကုသမှုကတော့ စွမ်းအားမြင့်ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေပါတယ်။ ကုသတဲ့နေရာမှာရှိတဲ့ ကင်ဆာဆဲလ်များကိုသာ အကျိုးသက်ရောက်ပါတယ်။

ပရိုတွန်ကုထုံး

ပရိုတွန်ကုထုံးသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် ပရိုတွန်ရောင်ခြည်များကို အသုံးပြု၍ အလွန်အဆင့်မြင့်ပြီး တိကျသော ဓာတ်ရောင်ခြည်ကုသမှုတစ်ခုဖြစ်သည်။

ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးများအသုံးပြုပြီး ကင်ဆာဆဲလ်များကို ကျုံ့သွားအောင် (သို့) သေသွားအောင် ကုသပါတယ်။ သွေးကြောထဲကို ဆေးများသွင်းပြီး တကိုယ်လုံးမှာရှိတဲ့ ကင်ဆာဆဲလ်များကို အကျိုးသက်ရောက်စေပါတယ်။

ပစ်မှတ်ထားကုထုံး

ကင်ဆာဆဲလ်များ ကြီးထွားခြင်းနဲ့ ပြန့်ခြင်းကို တားဆီးတဲ့ ဆေးများဖြစ်ပါတယ်။ သွေးကြောကနေတဆင့် တကိုယ်လုံးမှာရှိတဲ့ ကင်ဆာဆဲလ်များအပေါ်မှာ အကျိုးသက်ရောက်စေပါတယ်။

Immunotherapy ( မိမိခုခံအားစနစ်သုံးကုထုံး)

ဒီကုသမှုကတော့ ကင်ဆာကို တိုက်ထုတ်ဖို့ ကိုယ်ခံအားစနစ်ရဲ့ တစိတ်တပိုင်းကို အသုံးပြုတာပဲ ဖြစ်ပါတယ်။

စဖြစ်ခါစကင်ဆာအဆင့်မှာဆိုရင်

ခွဲစိတ်ကုသလေ့ရှိပါတယ်။ ဆရာဝန်က ကင်ဆာအကျိတ်အပါအဝင် အနီးရှိကျန်းမာတဲ့တစ်သျှူးတချို့ကို လေဆာဖြင့် (သို့) ခွဲစိတ်ဖယ်ရှားပါတယ်။ လည်ပင်းတဝိုက်မှာရှိတဲ့ ပြန်ရည်ကျိတ်တချို့ကိုလည်း ခွဲစိတ်ဖယ်ရှားပါတယ်။

ပြန်ရည်ကျိတ်အရွယ်အစားနှင့် ကင်ဆာရောက်ရှိနေတဲ့ ပြန်ရည်ကျိတ်အရေအတွက်ပေါ် မူတည်ပြီး ကင်ဆာဆေးသွင်းခြင်း (သို့) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းများ လိုအပ်နိုင်ပါတယ်။

ခွဲစိတ်ဖို့ မသင့်တော်တဲ့လူနာများမှာတော့ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတွေကို လုပ်ဆောင်ပါတယ်။

ကင်ဆာရောဂါရင့်နေပြီး ပြန့်နေတဲ့အခါ

ကင်ဆာအကျိတ်ကိုပဲ ကုသလို့မဖြစ်နိုင်တော့တဲ့လူနာတွေမှာ ကင်ဆာဆေးသွင်းခြင်း၊ Immunotherapy( မိမိခုခံအားစနစ်သုံး ကုထုံး)၊ ပစ်မှတ်ထားကုထုံး (Cetuximab) စတာတွေကို ကင်ဆာရောဂါကို ထိန်းထားဖို့ အသုံးပြုပါတယ်။

canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပတ်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။