leukaemia virus under microscope and blood test tubes in a rack

Collapse All
Expand All

AML ကတော့ သွေးနဲ့ ရိုးတွင်းချဉ်ဆီကနေ ဖြစ်လာတဲ့ကင်ဆာဖြစ်ပါတယ်။ လူကြီးတွေမှာ အဖြစ်အများတဲ့ သွေးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ Myeloblasts လို့ခေါ်တဲ့ သွေးဖြူဥတစ်မျိုး အဆမတန်ထုတ်လုပ်ပြီး ရိုးတွင်းချဉ်ဆီမှာ စုပြုံနေကာ ပုံမှန်သွေးဆဲလ်များထုတ်လုပ်မှုကို တားဆီးစေပါတယ်။ ဒီလိုဖြစ်ရပ်ကြောင့် သွေးထဲမှာ လည်ပတ်နေတဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားပမာဏဟာ မလုံလောက်တော့ပါဘူး။

AML ကို Acute Myelocytic Leukaemia, Acute Myelogenous Leukaemia, Acute Granulocytic Leukaemia, or Acute Non-Lymphocytic Leukaemia လို့လည်း ခေါ်နိုင်ပါသေးတယ်။

AML က သွေးဆဲလ်ထုတ်လုပ်မှုကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇတွေ ထိခိုက်မှုကြောင့် ဖြစ်လာရပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့အကြောင်းတချို့ကတော့

  • လိင်အမျိုးအစား - AML က အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • မွေးရာပါပြဿနာများ - မွေးရာပါပြဿနာများရှိတဲ့သူ (ဥပမာ - Down syndrome, Fanconi သွေးအားနည်းရောဂါ) တွေမှာ AML ဖြစ်နိုင်ခြေပိုများပါတယ်။ AML က ကလေး (သို့) လူပျိုပေါက်ဝင်ချိန်မှာ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။
  • တစ်ခြားသွေးပြဿနာရှိနေခြင်း - တချို့သောသွေးရောဂါဖြစ်တဲ့ Myelodysplastic syndromes (MDS), Myelofibrosis နဲ့ Aplastic anemia ရောဂါတွေမှာ AML ဖြစ်နိုင်ခြေပိုများပါတယ်။
  • ကင်ဆာကုသမှုများ - တချို့သော ကင်ဆာဆေးသွင်းကုသမှုများ (သို့) ဓာတ်ရောင်ခြည် ကုသမှုများက AML ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
  • ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း - စက်ရုံသုံးဓာတုပစ္စည်းများဖြစ်တဲ့ ဘန်ဇင်း၊ သန့်ရှင်းရေးပစ္စည်းများ၊ ချေးချွတ်ဆေးများနဲ့ သုတ်ဆေးများ၊ ဆေးလိပ်ငွေ့ စတာတွေက AML ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
  • ဓာတ်ရောင်ခြည်ထိတွေ့မှု - အက်တမ်ဗုံးပေါက်ကွဲခြင်း၊ နူကလီးယားဓာတ်ပေါင်းဖိုမှ စိမ့်ထွက်ဓာတ်ရောင်ခြည်များနှင့် ထိတွေ့မိရင် AML ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

AML က ဖြစ်တာမြန်တဲ့အတွက် ရောဂါလက္ခဏာတွေကို ရောဂါမသိခင် ရက်ပိုင်းအတွင်းမှာ ခံစားရနိုင်ပါတယ်။ တချို့လူနာတွေမှာ ရောဂါလက္ခဏာတခုမှ မခံစားရတာမျိုးလည်း ရှိပါတယ်။ အဓိကရောဂါလက္ခဏာတွေကိုတော့ သွေးဆဲလ်များ မလုံလောက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့လက္ခဏာတွေကတော့

  • ညောင်းခြင်း ( ပင်ပမ်းနွမ်းနယ်ခြင်း)
  • ဖျားခြင်း
  • မောခြင်း
  • ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ညဖက်ချွေးပျံ့ခြင်း (သို့) ချွေးထွက်လွန်ခြင်း
  • သွားဖုံးသွေးယိုခြင်း (သို့) နှာခေါင်းသွေးလျှံခြင်း
  • သွေးခြည်ဥလွယ်ခြင်း
  • အရေပြားမှာ အနီစက်များထွက်ခြင်း
  • အရိုးအစစ်တွေနာခြင်း

AML ဖြစ်နေနိုင်တယ်လို့ သံသယရှိရင် ဆရာဝန်မှ စမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ရိုးတွင်းချဉ်ဆီစစ်ဆေးခြင်းများက ရောဂါကို တွေ့ရှိနိုင်ပါတယ်။

ဆရာဝန်မှ စမ်းသပ်တဲ့အခါ လက်ရှိကျန်းမာရေးအခြေအနေ၊ အသည်း၊ ဘေလုံးနဲ့ ပြန်ရည်ကျိတ်များမှာ အကျိတ်ရှိမရှိ၊ သွေးယိုလက္ခဏာများ၊ သွေးခြည်ဥလက္ခဏာများနဲ့ ရောဂါပိုးဝင်လက္ခဏာများကို စစ်ဆေးပါတယ်။

သွေးစစ်တဲ့အခါ သွေးကို ဓာတ်ခွဲခန်းကို ပို့ဆောင်ပြီး Full blood count စစ်ဆေးရပါတယ်။ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားအရေအတွက်များကို စစ်ဆေးရပါတယ်။ သွေးဖြူဥအရေအတွက် အဆမတန်များနေတာက လူကြီး AML ကြောင့် ဖြစ်နိုင်ပါတယ်။

ရိုးတွင်းချဉ်ဆီစစ်ဆေးမှုကတော့ တင်ပဆုံရိုးကနေ ယူပြီး စစ်ဆေးလေ့ရှိပါတယ်။ ထုံဆေးနဲ့ယူစစ်ဆေးပြီး ၁၅-၂၀ မိနစ်ခန့် ကြာတတ်ပါတယ်။ ရိုးတွင်းချဉ်ဆီကို စစ်ဆေးဖို့ ယူပြီးရင်တော့ ဓာတ်ခွဲခန်းပို့ပြီး ကင်ဆာဆဲလ်ရှိမရှိ စစ်ဆေးပါတယ်။

နောက်ထပ်စစ်ဆေးမှုများကို AML ရဲ့ ရောဂါအနေအထားကို သိရဖို့နဲ့ အကောင်းဆုံးသောကုသမှုကို ရွေးချယ်နိုင်ဖို့အတွက် လုပ်ဆောင်ရပါတယ်။ ခါးရိုးဖောက်တာ၊ မျိုးရိုးဗီဇစစ်ဆေးတာနှင့် ဓာတ်မှန်ရိုက်ကူးတာတွေ လုပ်ဆောင်ရနိုင်ပါသေးတယ်။

man in grey singlet doing close grip bench press in gym

ကင်ဆာရောဂါများအတွက် အဆင့်သတ်မှတ်ခြင်းက ရောဂါကုသမှုအပေါ်မှာ ဆုံးဖြတ်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ သို့သော်လည်း AML က ရိုးတွင်းချဉ်ဆီမှာ စတင်ပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပျံ့မှ တွေ့ရတတ်တာဖြစ်ပါတယ်။ သာမရိုးကျ ကင်ဆာအဆင့် သတ်မှတ်ချက်တွေ မသုံးဘဲ AML ကိုတော့ ဆဲလ်များကို အခြေခံတဲ့စနစ်ကို အသုံးပြုပြီး အမျိုးအစားခွဲပါတယ်။

French-American-British (FAB) ခွဲခြားခြင်း စနစ်ကတော့ AML ကို အမျိုးအစား (၈)ခု ထပ်ခွဲထားပါတယ်။ ကျန်းမာတဲ့သွေးဆဲလ်များအရေအတွက်၊ ကင်ဆာဆဲလ်အရွယ်နဲ့ အရေအတွက်၊ မျိုးရိုးဗီဇပြောင်းလဲမှုနဲ့ အခြားသော မျိုးရိုးဗီဇမူမမှန်မှုများကို အခြေခံပြီး ခွဲတာပဲ ဖြစ်ပါတယ်။

  • M0 – Undifferentiated Acute Myeloblastic Leukaemia
  • M1 – Acute Myeloblastic Leukaemia with minimal maturation
  • M2 – Acute Myeloblastic Leukaemia with maturation
  • M3 – Acute Promyelocytic Leukaemia
  • M4 – Acute Myelomonocytic Leukaemia
  • M4 eos – Acute Myelomonocytic Leukaemia with eosinophilia
  • M5 – Acute Monocytic Leukaemia
  • M6 – Acute Erythroid Leukaemia
  • M7 – Acute Megakaryoblastic Leuk

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ခွဲခြားမှု စနစ်အသစ်အရ AML ကို အုပ်စုတွေ ထပ်ခွဲထားပါတယ်။

  • AML with certain genetic abnormalities
  • AML with myelodysplasia-related changes
  • AML related to previous chemotherapy and radiation
  • AML not otherwise specified
  • Myeloid sarcoma
  • Myeloid proliferations related to Down Syndrome
  • Undifferentiated and biphenotypic acute leukaemias – ၎င်းတို့သည် လုံးဝ AML များ မဟုတ်ကြသော်လည်း lymphocytic နှင့် myeloid ပုံသဏ္ဍန်များ ရှိကြပါသည်။ သူတို့ကို တခါတရံ Mixed Phenotype Acute Leukaemias (MPALs)လို့ခေါ်ပါသည်။

AML ရောဂါရဲ့ မျိုးရိုးဗီဇနဲ့ ပြောင်းလဲခြင်းအချက်အလက်တွေက ရောဂါကုသမှုအတွက် အစီအစဉ်ဆွဲဖို့နဲ့ ပစ်မှတ်ထားကုထုံးနဲ့ကုသရင် အကျိုးရှိနိုင်မရှိနိုင်ဆိုတာကို သိရှိဖို့အတွက် အလွန်အရေးကြီးပါတယ်။ မျိုးရိုးဗီဇပြောင်းလဲမှုတွေမှာ တွေ့ရများတာကတော့ FMS-like tyrosine kinase 3 (FLT-3) ဖြစ်ပါတယ်။ FLT-3 inhibitors က ကင်ဆာဆေးသွင်းကုသမှုနဲ့ တွဲဖက်အသုံးပြုတဲ့အခါ ရလဒ်ကောင်းတွေရစေတဲ့ ပစ်မှတ်ထားကုထုံးဆေးပဲ ဖြစ်ပါတယ်။

မျိုးရိုးဗီဇအချက်အလက်စစ်ဆေးခြင်းက လူနာတစ်ယောက် ရိုးတွင်းချဉ်ဆီအစားထိုးသင့်သလား (သို့) ကင်ဆာဆေးသွင်းတာနဲ့ပဲ ကုသသင့်သလားဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

AML ရောဂါကုသခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါကိုပျောက်အောင်ကုသပြီး ပြန်မကြွလာအောင် ထိန်းထားဖို့ပါပဲ။ ဒါကြောင့် ကုသမှုအဆင့် (၂)ခု ရှိပါတယ်။ remission induction therapy နှင့် post-remission therapy တို့ဖြစ်ကြပါသည်။

Remission Induction Therapy

ကင်ဆာဆေးသွင်းကုသခြင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ပါတယ်။ ကင်ဆာဆေးတွေကို AML ရဲ့ မျိုးကွဲတခုဖြစ်တဲ့ Acute Promyelocytic Leukaemia (APL) မှာ ပေးပါတယ်။

ကင်ဆာဆေးသွင်းကုသတာ အောင်မြင်တယ်ဆိုရင် ရိုးတွင်းချဉ်ဆီကနေ သာမန်ကျန်းမာတဲ့ သွေးဆဲလ်များကို စတင်ထုတ်လုပ်လာနိုင်ပါပြီ။

Post-Remission Therapy

နောက်ထပ်ကင်ဆာဆေးသွင်းကုသခြင်းတွေကို ကင်ဆာဆဲလ်များပြန်မဖြစ်လာအောင် တားဆီးဖို့ ပေးရတာဖြစ်ပါတယ်။

ခန္ဓာကိုယ်ကနေ သာမန်ရိုးတွင်းချဉ်ဆီဆဲလ်များထုတ်လုပ်နိုင်အောင် ကူညီဖို့အတွက် ပင်မဆဲလ်အစားထိုးခြင်းကို ပြုလုပ်ရနိုင်ပါတယ်။ ပင်မဆဲလ်တွေကို မိသားစုဝင်ထဲက (သို့) ပြင်ပမှ အလှူရှင်တစ်ဦးစီကရယူပါတယ်။

စွမ်းအားမြင့် Xray ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးဖို့ ဓာတ်ရောင်ခြည်ကုသမှုကို ပြုလုပ်ရနိုင်ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုကို ပြင်ပမှု ပေးသလို၊ အပ်(သို့) ပြွန်တစ်ခုမှ ကင်ဆာထဲ(သို့) အနီးအနားကို ထည့်သွင်းပြီး ဓာတ်ရောင်ခြည်ကုသမှုလုပ်တာမျိုးလည်း ရှိပါတယ်။

ပစ်မှတ်ထားကုထုံးကတော့ ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားပြီး ကြီးထွားမှုတွေကို တားဆီးဖို့ ဆေးတွေနဲ့ ကုသတာပဲ ဖြစ်ပါတယ်။ သာမန်ဆဲလ်များကတော့ ထိခိုက်မှု မရှိပါဘူး။ များစွာသောပစ်မှတ်ထားကုထုံးများကို ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။

AML ကို စောစောသိပြီး မြန်မြန်ကုသတဲ့အခါ ပျောက်ကင်းနိုင်ခြေ ပိုများပါတယ်။ AML ရောဂါလက္ခဏာတွေ မခံစားရတော့ဘူးဆိုရင် ရောဂါသက်သာပျောက်ကင်းတယ်လို့ မှတ်ယူနိုင်ပြီး ငါးနှစ်အတွင်း ပြန်မဖြစ်တော့ဘူးဆိုရင် လုံးဝအရှင်းပျောက်ကင်းပြီလို့ မှတ်ယူနိုင်ပါတယ်။

AML ကို ကာကွယ်နိုင်တဲ့နည်းလမ်းမရှိသေးပေမယ့် ဖြစ်နိုင်ခြေများစေတဲ့အချက်တွေကို လျော့ချနိုင်ပါတယ်။

  • ဆေးလိပ်မသောက်ပါနဲ့။
  • စက်ရုံသုံးဓာတုပစ္စည်းများနှင့် ထိတွေ့မှုမရှိအောင် (သို့) ထိတွေ့မှုနည်းအောင် နေပါ။
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုမရှိအောင် (သို့) နည်းအောင် နေပါ။
  • AML ကို ဖြစ်စေနိုင်တဲ့ ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှုများကို ရှောင်ပါ။ သို့သော်လည်း တချို့လူနာတွေမှာ ဒီလိုကုသမှုတွေကို မလွဲမရှောင်သာလုပ်ရနိုင်ပါတယ်။
canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။