Collapse All
Expand All

ALL ဆိုတာ ရိုးတွင်းချဉ်ဆီမှ ထုတ်လုပ်တဲ့ Lymphocyte သွေးဖြူဥအမျိုးအစားကနေ စဖြစ်သော သွေးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့သွေးဖြူဥများကို ရိုးတွင်းချဉ်ဆီကနေ ပိုထုတ်လုပ်ပြီး ပုံမှန်သွေးဆဲလ်များ မထုတ်နိုင်တော့အောင် တားဆီးလိုက်ပါတယ်။ ALL က လူကြီးရော ကလေးမှာပါ ဖြစ်နိုင်ပါတယ်။ လူကြီးမှာ ဖြစ်ရင်တော့ လူကြီး ALL လို့ ခေါ်ပါတယ်။

image of red and white blood cells

လူကြီး ALL ဘာက ဖြစ်စေတယ်ဆိုတာကို တိကျတဲ့အဖြေမတွေ့သေးပါဘူး။ သို့သော် ဖြစ်နိုင်ခြေများစေတဲ့အချက်များကိုတော့ သိရှိထားပါတယ်။

  • အသက် - လူကြီး ALL က အသက် ၂၀ အရွယ်မှာ အဖြစ်များတာ တွေ့ရပါတယ်။ ကြားအသက်မှာတော့ တွေ့ရတာနည်းသွားပြီး အသက် ၇၀ကျော်တဲ့အခါ အဖြစ်များတာကို ပြန်တွေ့ရပါတယ်။
  • လိင်အမျိုးအစား - လူကြီး ALL က အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။
  • မွေးရာပါ ပြဿနာများ - မွေးရာပါပြဿနာရှိတဲ့သူ ဥပမာ - Down syndrome နှင့် Fanconi သွေးအားနည်းရောဂါရှိသူတွေမှာ လူကြီး ALL ဖြစ်နိုင်ခြေပိုများပါတယ်။
  • ဗိုင်းရပ်စ်ရောဂါကူးစက်ခံရခြင်း - Human T-cell lymphoma/leukaemia virus -1 (HTLV-1) ဗိုင်းရပ်စ်ပိုးက ရှားပါးတဲ့ T-cell ALL ဖြစ်စေနိုင်ပါတယ်။ Epstein-Barr ဗိုင်းရပ်စ်က ALL အမျိုးအစားတစ်ခုကို အထူးသဖြင့် အာဖရိကမှာ ဖြစ်စေနိုင်ပါတယ်။
  • ကင်ဆာကုသမှု - တချို့သော ကင်ဆာဆေးများ (သို့) ဓာတ်ရောင်ခြည်ကုသမှုတွေက ALL ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။
  • ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း - စက်ရုံသုံးဓာတုပစ္စည်းများဖြစ်တဲ့ ဘန်ဇင်း၊ သန့်ရှင်းရေးပစ္စည်းများ၊ ချေးချွတ်ဆေးများနဲ့ သုတ်ဆေးများ၊ ဆေးလိပ်ငွေ့ စတာတွေက လူကြီး ALL ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
  • ဓာတ်ရောင်ခြည်ထိတွေ့မှု - အက်တမ်ဗုံးပေါက်ကွဲခြင်း၊ နူကလီးယားဓာတ်ပေါင်းဖိုမှ စိမ့်ထွက်ဓာတ်ရောင်ခြည်များနှင့် ထိတွေ့မိရင် လူကြီး ALL ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

လူကြီး ALL မှာ ရောဂါလက္ခဏာတွေ တော်တော်များများ ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ပုံမှန်သွေးဆဲလ်များလျော့နည်းတာကြောင့် ဖြစ်လာတဲ့ လက္ခဏာများဖြစ်ပါတယ်။ ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာများကတော့

  • ညောင်းခြင်း ( ပင်ပမ်းနွမ်းနယ်ခြင်း)
  • ဖျားခြင်း
  • မောခြင်း
  • အားနည်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • ညဖက်ချွေးထွက်များခြင်း (သို့) ချွေးထွက်လွန်ခြင်း
  • သွားဖုံးသွေးယိုခြင်း (သို့) နှာခေါင်းသွေးလျှံခြင်း
  • သွေးခြည်ဥလွယ်ခြင်း
  • အရေပြားမှာ အနီစက်များထွက်ခြင်း
  • အရိုးအစစ်တွေနာခြင်း
  • ရင်ပြည့်ခြင်း
  • လည်ပင်း၊ ချိုင်း၊ ဝမ်းဗိုက်နဲ့ ပေါင်ခြံတွေမှာ အကျိတ်တွေ စမ်းမိခြင်း
  • ခဏခဏရောဂါပိုးဝင်ခြင်း

ဆရာဝန်မှ စမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ရိုးတွင်းချဉ်ဆီစစ်ဆေးခြင်းတွေက လူကြီး ALL ရောဂါဟုတ်မဟုတ် သိရှိစေနိုင်ပါတယ်။

ဆရာဝန်မှ စမ်းသပ်တဲ့အခါ လက်ရှိကျန်းမာရေးအခြေအနေ၊ အသည်း၊ ဘေလုံးနဲ့ ပြန်ရည်ကျိတ်များမှာ အကျိတ်ရှိမရှိ၊ သွေးယိုလက္ခဏာများ၊ သွေးခြည်ဥလက္ခဏာများနဲ့ ရောဂါပိုးဝင်လက္ခဏာများကို စစ်ဆေးပါတယ်။

သွေးစစ်တဲ့အခါ သွေးကို ဓာတ်ခွဲခန်းကို ပို့ဆောင်ပြီး Full blood count စစ်ဆေးရပါတယ်။ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားအရေအတွက်များကို စစ်ဆေးရပါတယ်။ သွေးဖြူဥအရေအတွက် အဆမတန်များနေတာက လူကြီး ALL ကြောင့် ဖြစ်နိုင်ပါတယ်။

ရိုးတွင်းချဉ်ဆီစစ်ဆေးမှုကတော့ တင်ပဆုံရိုးကနေ ယူပြီး စစ်ဆေးလေ့ရှိပါတယ်။ ထုံဆေးနဲ့ယူစစ်ဆေးပြီး ၁၅-၂၀ မိနစ်ခန့် ကြာတတ်ပါတယ်။ ရိုးတွင်းချဉ်ဆီကို စစ်ဆေးဖို့ ယူပြီးရင်တော့ ဓာတ်ခွဲခန်းပို့ပြီး ကင်ဆာဆဲလ်ရှိမရှိ စစ်ဆေးပါတယ်။

နောက်ထပ်စစ်ဆေးမှုများကို လူကြီး ALL ရဲ့ ရောဂါအနေအထားကို သိရဖို့နဲ့ အကောင်းဆုံးသောကုသမှုကို ရွေးချယ်နိုင်ဖို့အတွက် လုပ်ဆောင်ရပါတယ်။ ခါးရိုးဖောက်တာ၊ မျိုးရိုးဗီဇစစ်ဆေးတာနှင့် ဓာတ်မှန်ရိုက်ကူးတာတွေ လုပ်ဆောင်ရနိုင်ပါသေးတယ်။

ကင်ဆာရောဂါများအတွက် အဆင့်သတ်မှတ်ခြင်းက ရောဂါကုသမှုအပေါ်မှာ ဆုံးဖြတ်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ သို့သော်လည်း လူကြီး ALL က ရိုးတွင်းချဉ်ဆီမှ စဖြစ်ပြီး သာမန်ကင်ဆာအကျိတ်တွေလို့ အဆင့်သတ်မှတ်ပုံနဲ့ သတ်မှတ်လို့မရပါဘူး။ လူကြီး ALLကို မျိုးကွဲအနည်းငယ်ထပ်ခွဲထားပြီး စစ်ဆေးတွေ့ရှိတဲ့မျိုးရိုးဗီဇအချက်အလက်များနှင့် ကနဦးကုသမှုကို တုံ့ပြန်မှုပေါ်မှာ မူတည်ပြီး အန္တရာယ်ရှိမှုကို ခွဲခြားသတ်မှတ်ထားပါတယ်။

French-American-British (FAB) ခွဲခြမ်းမှုအရ လူကြီး ALL ကို L1, L2, L3 ဆိုပြီး သုံးမျိုး ထပ်ခွဲထားပါတယ်။ အဏုကြည့်မှန်ပြောင်းစစ်ဆေးမှုမှာ တွေ့ရှိရတဲ့ ကင်ဆာဆဲလ်ပုံမှန်ကို အခြေခံပြီး ခွဲထားတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခွဲခြမ်းပုံ အသစ်ကတော့ လူကြီး ALL ကို အုပ်စုတွေအဖြစ် ခွဲထားပေးပါတယ်။

  • Pre (Precursor) B-cell ALL not otherwise specified - လူကြီး တွေမှာ အဖြစ်များတဲ့ အမျိုးအစားဖြစ်ပါတယ်။
  • Pre (Precursor) B-ALL with recurrent genetic abnormality
  • Pre (Precursor) T-cell ALL - လူငယ်တွေမှာ ပိုတွေ့ရပြီး အမျိုးသားတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။

လူကြီး ALL ကို ရောဂါကုသမှုအနေနဲ့ အဆင့်(၂)ဆင့်ရှိပါတယ်။ ရောဂါပျောက်ကင်းအောင် ကုသခြင်းနဲ့ ရောဂါကုသမှုအပြီး လိုအပ်သောကုသမှု ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းမှာတော့ ရည်ရွယ်ချက်ကတော့ သွေးနှင့် ရိုးတွင်းချဉ်ဆီတွင်းမှာရှိတဲ့ ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ဖို့ပါပဲ။ ဒုတိယအပိုင်းကတော့ ကျန်ရှိနေတဲ့ အာနိသင်မရှိတဲ့ကင်ဆာဆဲလ်များကို ပြန်မဖြစ်စေဖို့ ဖျက်ဆီးပစ်ဖို့ ကုသမှုတွေ လုပ်ရပါတယ်။

ကုသမှုနှစ်ပိုင်းလုံးမှာ ပင်မအာရုံကြောစနစ်ကို ကာကွယ်တဲ့ကုသမှုကို ပြုလုပ်ရပါတယ်။ ဆေးပမာဏများတဲ့ ကင်ဆာဆေးသွင်းကုသမှု၊ ဦးနှောက်တွင်းလည်ပတ်နေတဲ့အရည်အတွင်းကို ကင်ဆာဆေးပေးခြင်းနဲ့ ဦးနှောက်ကို ဓာတ်ရောင်ခြည်ပေးခြင်း စတာတွေပါဝင်ပါတယ်။ ဒီကုသမှု ပုံမှန်ကင်ဆာဆေးပမာဏနဲ့ မရောက်နိုင်တဲ့ ပင်မအာရုံကြောစနစ်အတွင်းမှာရှိတဲ့ ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ဖို့ပါပဲ။

ကုသမှုနှစ်ပိုင်းလုံးမှာ ကုသမှုတွေအနေနဲ့ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ပင်မဆဲလ်အစားထိုးခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်း၊ ပစ်မှတ်ထားကုထုံးများ ပါဝင်ပါတယ်။

woman receiving radiotherapy treatment in machine

ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသခြင်းကတော့ ကင်ဆာဆဲလ်တွေကို ထပ်မပွားစေဖို့နဲ့ ဖျက်ဆီးပစ်ဖို့ပါပဲ။ ကင်ဆာဆေးသွင်းကုသမှုကို ပါးစပ်မှ သောက်ဆေးအသွင် (သို့) သွေးကြောမှ သွင်းဆေးအသွင်နဲ့ တကိုယ်လုံးကို ပျံ့နှံ့စေပါတယ်။ သွေးကြောမှတစ်ဆင့် ကင်ဆာဆေးက ကင်ဆာဆဲလ်များစီကို ရောက်ရှိသက်ရောက်ပါတယ်။ နေရာအပိုင်းလိုက် ကင်ဆာဆေးသွင်းခြင်းကတော့ ကိုယ်အင်္ဂါအစိတ်အပိုင်း (သို့) ကိုယ်တွင်းခေါင်း (သို့) ဦးနှောက်တွင်းရှိလည်ပတ်နေတဲ့အရည်ထဲကို ကင်ဆာဆေးသွင်းကုသတာပဲ ဖြစ်ပါတယ်။ ဒီလိုကုသခြင်းက ကင်ဆာဆေးတွေက သွင်းတဲ့နေရာမှာပဲရှိတဲ့ ကင်ဆာဆဲလ်များကိုသာ အာနိသင်သက်ရောက်မှုရှိပါတယ်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်

ဓာတ်ရောင်ခြည်ကုသမှုက စွမ်းအင်မြင့် X-rays ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုကို ကင်ဆာဆေးသွင်းကုသမှုနဲ့ ပေါင်းစပ်ပြီး ပင်မဆဲလ်အစားထိုးကုသမှုအတွက် အသုံးပြုပါတယ်။

ပင်မဆဲလ်အစားထိုးခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသခြင်းက ရိုးတွင်းချဉ်ဆီမှာရှိတဲ့ ကင်ဆာဆဲလ်များကို ဖျက်ဆီးသလို သွေးထဲမှာ လှည့်ပတ်နေတဲ့ ကျန်းမာတဲ့သွေးဆဲလ်များကိုလည်း ဖျက်ဆီးပစ်ပါတယ်။ ပင်မဆဲလ်အစားထိုးခြင်းက လှူတဲ့သူဆီကနေ သွေးဖြစ်စေမယ့် ဆဲလ်များကို ယူပြီး အစားထိုးကုသတာပဲ ဖြစ်ပါတယ်။ အလှူရှင်ဆီမှရရှိတဲ့ ပင်မဆဲလ်များက ALL လူနာမှာရှိတဲ့ ကြွင်းကျန်နေတဲ့သွေးကင်ဆာဆဲလ်များကို တိုက်ခိုက်ပါတယ်။

ဆရာဝန်အနေနဲ့ လူနာရဲ့ မျိုးရိုးဗီဇအချက်အလက်များ၊ တုံ့ပြန်မှုနဲ့ ရောဂါရာဇဝင်တွေပေါ်မှာ အခြေခံပြီး ပင်မဆဲလ်အစားထိုးတဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်များနှင့် အကျိုးရလဒ်ကို စစ်ဆေးပါတယ်။

Chimeric Antigen Receptor T cell (CART) လို့ ခေါ်တဲ့ ကုသနည်းအသစ်ကတော့ ဆဲလ်ကုသနည်းတစ်မျိုးဖြစ်ပါတယ်။ လူနာရဲ့ ကင်ဆာ B cell များကို တိုက်နိုင်ဖို့ T cell များကို လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒီကုသမှုဟာ ရလဒ်ကောင်းမွန်ပြီး အနာဂတ်မှာ ပင်မဆဲလ်အစားထိုးကုသမှုတွေကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

ပစ်မှတ်ထားကုထုံး

ပစ်မှတ်ထားကုထုံးကတော့ ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားပြီး ကြီးထွားမှုတွေကို တားဆီးဖို့ ဆေးတွေနဲ့ ကုသတာပဲ ဖြစ်ပါတယ်။ သာမန်ဆဲလ်များကတော့ ထိခိုက်မှု မရှိပါဘူး။ လက်ရှိမှာတော့ သေးငယ်တဲ့ မော်လီကျူးအသစ်များနှင့် monoclonal antiobodies တွေကိုတော့ အသုံးပြုနေပြီး လူနာရဲ့ အသက်ရှင်နှုန်းကို တိုးတက်စေတာကို တွေ့ရပါတယ်။

လူကြီး ALL ကို ကာကွယ်နိုင်တဲ့နည်းလမ်းမရှိသေးပေမယ့် ဖြစ်နိုင်ခြေများစေတဲ့အချက်တွေကို လျော့ချနိုင်ပါတယ်။

  • ဆေးလိပ်မသောက်ပါနဲ့။
  • စက်ရုံသုံးဓာတုပစ္စည်းများနှင့် ထိတွေ့မှုမရှိအောင် (သို့) ထိတွေ့မှုနည်းအောင် နေပါ။
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုမရှိအောင် (သို့) နည်းအောင် နေပါ။
  • လူကြီး ALL ကို ဖြစ်စေနိုင်တဲ့ ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှုများကို ရှောင်ပါ။ သို့သော်လည်း တချို့လူနာတွေမှာ ဒီလိုကုသမှုတွေကို မလွဲမရှောင်သာလုပ်ရနိုင်ပါတယ်။
canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။